မှတ်တမ်းရုပ်ရှင်ထောက်ပံ့မှုအစီအစဥ် ၂၀၂၅ (PMS Film Grant 2025) အတွက် လျှောက်လွှာများခေါ်ယူခြင်း

ဖေမောင်စိမ်းအမှတ်တရ မှတ်တမ်းရုပ်ရှင်ထောက်ပံ့မှု The Pe Maung Same Film Fund မှ ဖိတ်ခေါ်သော မှတ်တမ်းရုပ်ရှင်ထောက်ပံ့မှုအစီအစဥ် ၂၀၂၅ (PMS Film Grant 2025) တွင် မိနစ် ၃၀ ထက်မပိုသော မှတ်တမ်းရုပ်ရှင်ကားတို (၂) ကား ကို ရွေးချယ်ပံ့ပိုး သွားမည်ဖြစ်ပါသည်။

ယခုခေါ်ယူမှုကို ၂၀၂၅ ၊ ဇန်နဝါရီ (၁) မှ (၃၁)ရက်နေ့ မြန်မာအချိန် ည ၁၁း၅၉ အထိ လျှောက်ထားနိုင်ကြပါသည်။

၂၀၂၅၊ ဖေဖော်ဝါရီတွင် ပဏာမအဆင့် ရွေးချယ်ခံရသူများကို ဆက်သွယ်မည်ဖြစ်ပြီး ဒုတိယအဆင့် အဖြစ် မိမိ၏ရုပ်ရှင်ကားအကြောင်းအား ရွေးချယ်ရေးအဖွဲ့ထံသို့ (pitching)ဖြင့် စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောဆိုတင်ပြနိုင်ရမည်ဖြစ်ပါသည်။

လွတ်လပ်ပြီး အမှီအခိုကင်းသော ရွေးချယ်ရေးအဖွဲ့တွင် အတွေ့အကြုံရှိ မြန်မာမှတ်တမ်းရုပ်ရှင်ပညာရှင်များ ပါဝင်မည်ဖြစ်ပြီး အဆိုပါရွေးချယ်ရေးအဖွဲ့မှ အပြီးသတ် ရွေးချယ်ပေးသော မှတ်တမ်းရုပ်ရှင် (၂) ကားအား ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါသည်။

ရွေးချယ်ခံရသော မှတ်တမ်းရုပ်ရှင်ကားများအတွက် ပြင်ဆင်၊ ရိုက်ကူး၊ တည်းဖြတ်ရန် ၂၀၂၅ မတ်လ မှ ၂၀၂၅ ဇူလိုင်အထိ (၅) လ ရရှိမည်ဖြစ်ပြီး ဇူလိုင် (၃၁ ) တွင် မှတ်တမ်းရုပ်ရှင်အချောကို အပ်နှံ ပြသနိုင်ရမည် ဖြစ်သည်။

မှတ်တမ်းရုပ်ရှင် ၂ ကားကို ကိုဖေမောင်စိမ်းကွယ်လွန်သော သြဂုတ်လ ၁၉ ရက် နှစ်ပတ်လည်နေ့တွင် ပြသသွားမည်ဖြစ်သည်။

ထောက်ပံ့ကြေးမှာ ဇာတ်ကားတစ်ကားလျှင် ယူအက်စ်ဒေါ်လာ ၂၅၀၀ ဖြစ်ပြီး၊ ထောက်ပံ့ကြေးများကို ရွေးချယ်ခံရသည့်အချိန်မှ စတင်ကာ Pre Production နှင့် Production အတွက် ၇၀% နှင့် Post Production အတွက် ၃၀% တို့ကို (၂)ကြိမ် ခွဲ၍ ပေးအပ်သွားပါမည်။

ရွေးချယ်ခံရသော ရုပ်ရှင်ကားအတွက် ယခုထောက်ပံ့ကြေးအပြင် အခြားထောက်ပံ့မှု အစီအစဥ်များ၊ ပံ့ပိုးမှုများကို လွတ်လပ်စွာရယူခွင့်ရှိသည်။

ရွေးချယ်ခံရသော ရုပ်ရှင်ရိုက်ကူးသူသည် အဆိုပါမှတ်တမ်းရုပ်ရှင်အား မူပိုင်ခွင့်အပြည့်အဝရှိမည်ဖြစ်သည်။

မေးမြန်းစုံစမ်းလိုပါက info@pmsamefilmfund.org သို့ဆက်သွယ်နိုင်ပါသည်။